SCIENCE DAILY MYANMAR • 🚀 Exploring Science & Tech • 🐍 UPDATED DAILY •
SEARCH
×
2026-01-14 2 min read

Quantum Entanglement စမ်းသပ်ချက် (အပိုင်း - ၂)

မိတ်ဆွေ... ပြီးခဲ့တဲ့ အပိုင်း (၁) မှာ "အိုင်းစတိုင်း မှားကြောင်း သက်သေပြနိုင်ခဲ့တယ်" လို့ ကျွန်တော် ပြောခဲ့တာကို မှတ်မိကြမှာပါ။ ဒီစကားကြောင့် မိတ်ဆွေတချို့က "ဟာ... ဒုက္ခပါပဲ၊ ဒါဆို အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ (Theory of Relativity) ကြီး ပျက်စီးသွားပြီလား" ဆိုပြီး ထင်နေ ကြပါတယ်။

Did We Just Cancel Einstein

Quantum Entanglement စမ်းသပ်ချက် (အပိုင်း - ၂)

အိုင်းစတိုင်း တကယ်ပဲ မှားသွားသလား? (သို့မဟုတ်) ရူပဗေဒလောကရဲ့ အကြီးမားဆုံး ငြင်းခုန်ပွဲ

မိတ်ဆွေ... ပြီးခဲ့တဲ့ အပိုင်း (၁) မှာ "အိုင်းစတိုင်း မှားကြောင်း သက်သေပြနိုင်ခဲ့တယ်" လို့ ကျွန်တော် ပြောခဲ့တာကို မှတ်မိကြမှာပါ။ ဒီစကားကြောင့် မိတ်ဆွေတချို့က "ဟာ... ဒုက္ခပါပဲ၊ ဒါဆို အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ (Theory of Relativity) ကြီး ပျက်စီးသွားပြီလား" ဆိုပြီး ထင်နေ ကြပါတယ်။

မိတ်ဆွေ.. အိုင်းစတိုင်းက "အရာအားလုံးမှာ မှားသွားတာ မဟုတ်ပါဘူး"။ ဒီနေ့မှာတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးရဲ့ "အမှန်" နဲ့ "အမှား" စည်းကို ကျွန်တော် ရှင်းပြပါရစေ။

၁။ အိုင်းစတိုင်းရဲ့ "ပိုင်နက်" (Relativity is Still King)

ပထမဆုံး ပြောချင်တာက... အိုင်းစတိုင်းရဲ့ နာမည်အကြီးဆုံး နှိုင်းရသီအိုရီ (Relativity) က လုံးဝ (လုံးဝ) မမှားပါဘူး။ ဒီနေ့ မိတ်ဆွေတို့ ဖုန်းထဲမှာ သုံးနေတဲ့ GPS စနစ် တွေဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကို အခြေခံပြီး တွက်ချက်ထားတာပါ။ အကယ်၍သာ အိုင်းစတိုင်း မှားခဲ့ရင်... မိတ်ဆွေတို့ Google Maps သုံးလို့ရမှာ မဟုတ်သလို၊ စကြဝဠာထဲက Black Holes တွေကိုလည်း ဓာတ်ပုံရိုက်နိုင်မှာ မဟုတ်ပါဘူး။

ဒါဆို... သူ ဘာမှားခဲ့တာလဲ?

၂။ ဘုရားသခင် အန်စာတုံး ပစ်သလား? (The Great Debate)

အိုင်းစတိုင်းမှာ အဓိက ယုံကြည်ချက်တစ်ခု ရှိပါတယ်။ "စကြဝဠာကြီးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ အရာအားလုံးဟာ တိကျတဲ့ အကြောင်းပြချက် (Cause and Effect) နဲ့ ဖြစ်ပျက်နေတာ" ဆိုတဲ့ အချက်ပါ။ ဒါကြောင့် သူက "God does not play dice" (ဘုရားသခင်က လောကကြီးကို အန်စာတုံးပစ်ပြီး ကံစမ်းမဲနှိုက်သလို မဖန်ဆင်းဘူး) လို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့... ကွမ်တမ် (Quantum) လောကမှာကျတော့ အရာရာက "ဖြစ်တန်စွမ်း" (Probability) တွေနဲ့ ဖြစ်နေတာကိုး။ ဥပမာ - အီလက်ထရွန်တစ်ခုဟာ ဒီနေရာမှာ ရှိနိုင်သလို၊ ဟိုနေရာမှာလည်း ရှိနိုင်တယ်။ "သေချာပေါက်" ပြောလို့မရဘူး။

ဒီမရေရာမှုကို အိုင်းစတိုင်း လုံးဝ လက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူက "ငါတို့ မသိသေးတဲ့ လျှို့ဝှက်အချက်အလက် (Hidden Variables) တွေ ရှိကိုရှိရမယ်၊ အဲ့ဒါတွေ မသိသေးလို့သာ မရေရာဘူး ထင်နေရတာ" လို့ စောဒက တက်ခဲ့ပါတယ်။

၃။ သူ ဘယ်နေရာမှာ "အရှုံးပေး" လိုက်ရသလဲ?

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ပြောခဲ့တဲ့ Quantum Entanglement စမ်းသပ်ချက်က အိုင်းစတိုင်းရဲ့ အဲ့ဒီ "Hidden Variable" အယူအဆကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါ။

John Clauser တို့အဖွဲ့က သက်သေပြလိုက်တာက - "ဆရာကြီး အိုင်းစတိုင်းရေ... ခင်ဗျားပြောတဲ့ လျှို့ဝှက်အချက်အလက် (Hidden Variable) ဆိုတာ တကယ် မရှိပါဘူး။ အမှုန်လေးတွေက တကယ်ပဲ မရေရာဘဲ၊ ကြည့်လိုက်မှ ဖြစ်တည်လာတာပါ" ဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့် အိုင်းစတိုင်း မှားတယ်ဆိုတာ "ကွမ်တမ်လောကရဲ့ မရေရာမှု (Uncertainty)" ကို လက်မခံခဲ့တဲ့ တစ်ချက်တည်းမှာသာ မှားခဲ့တာပါ။ သူ့ရဲ့ နှိုင်းရသီအိုရီကြီး မှားတာ မဟုတ်ပါဘူး။

၄။ အိုင်းစတိုင်း နိုင်နေဆဲ တစ်ကွက် (Relativity remains intact)

ဒါပေမဲ့ တကယ်တမ်းကျတော့ အိုင်းစတိုင်းက တခြားတစ်ဖက်မှာ ပြန်နိုင်သွားပါသေးတယ် ( သဘောတရားအရ ပါ ဆုရတာတော့မဟုတ်ပါဘူး ) ။ ဘာလဲဆိုတော့ Entanglement ဖြစ်နေတဲ့ အမှုန်နှစ်ခုက ချက်ချင်း ချိတ်ဆက်မိတယ် ဆိုပေမဲ့... "သတင်းအချက်အလက် (Information) ကိုတော့ အလင်းထက်မြန်အောင် ပို့လို့မရဘူး" ဆိုတဲ့ အချက်ပါ ။

ဆိုလိုတာက... ကျွန်တော်တို့က ဟိုဘက်က ဘောလုံးရဲ့ အရောင်ကို ချက်ချင်းသိနိုင်ပေမဲ့၊ အဲဒီအသိကို သုံးပြီး ဟိုဘက်ကလူဆီ "Hello" လို့ message ပို့လို့တော့ မရပါဘူး။ ဒါကြောင့် အိုင်းစတိုင်းရဲ့ "အလင်းထက်မြန်တာ မရှိဘူး" ဆိုတဲ့ စည်းမျဉ်းကတော့ ဒီနေ့ထက်ထိ မှန်ကန်နေဆဲ၊ ခိုင်မာနေဆဲပါပဲ။

အနှစ်ချုပ်

မိတ်ဆွေ... သိပ္ပံပညာဆိုတာ "မှန်တယ်/မှားတယ်" ဆိုတာထက် "ပိုပြီး ပြည့်စုံအောင် ဖြည့်စွက်တာ" ပါ။ အိုင်းစတိုင်းက အကြီးစားလောက (Macro World) ရဲ့ ဘုရင်ဖြစ်ပြီး၊ ကွမ်တမ်သီအိုရီက အသေးစားလောက (Micro World) ရဲ့ ဘုရင်ပါ။ သူတို့နှစ်ဦးစလုံး မှန်သင့်သလောက် မှန်ခဲ့ကြပြီး၊ ကျွန်တော်တို့ လူသားတွေကို စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တံခါးတွေ ဖွင့်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

Source Support: Caltech Science Exchange (Relativity Remains Intact section)

Einstein #RelativityVsQuantum #ScienceExplained #MyanmarTech #PhysicsDebate #GeneralRelativity #QuantumMechanics #ScienceStorytelling #Part2